top of page

How to lower blood pressure: Why hypertension recognize as a silent killer

eternalhealthmd
Aug 26
5 min read


သွေးတိုးရောဂါ၊ အသက်ရှည်ကျန်းမာရေး (Longevity) နှင့် Isometric လေ့ကျင့်ခန်း နှင့် Medicine 3.0 အမြင်


ဆရာဝန်များအနေဖြင့် ကျွန်တော်တို့ဟာ Medicine 2.0 (ရောဂါဖြစ်မှ တုံ့ပြန်ကုသသည့်၊ အထောက်အထားအခြေပြု၊ ရောဂါကို ဗဟိုပြုကုသသည့်စနစ်) ဖြင့် လေ့ကျင့် သင်ကြားပေးခဲ့ကျပါတယ်။ သို့သော် ယနေ့ခေတ်မှတော့ ကျွန်ုပ်တို့၏ လူနာများကမူ မတူညီသော မေးခွန်းတစ်ခုကို မေးလာကြပါတယ်— "ငါ နာမကျန်းဖြစ်လာတဲ့အခါ ဘယ်ဆေးသောက်ရမလဲ" ဟူ၍ မဟုတ်ဘဲ "ဘယ်လိုနည်းနဲ့ တတ်နိုင်သမျှ ကျန်းကျန်းမာမာနဲ့ အကြာကြီး နေထိုင်နိုင်မလဲ" ဟူ၍ ဖြစ်ပါတယ်။


အသက်ရှည်ကျန်းမာရေးသိပ္ပံ (Longevity science)၊ SPRINT စမ်းသပ်မှုနှင့် Isometric လေ့ကျင့်ခန်းများနှင့်ပတ်သက်သည့် အံ့သြဖွယ်ကောင်းသော အထောက်အထားများ ပေါင်းစပ်လာခြင်းက သွေးတိုးရောဂါဆိုသည်မှာ စီမံခန့်ခွဲရမည့် ဂဏန်းတစ်ခုအနေဖြင့် မဟုတ်ဘဲ အိုမင်းရင့်ရော်မှုကို အရှိန်မြှင့်တင်ပေးသည့် အဓိက အကြောင်းရင်းတစ်ခုဖြစ်ကြောင်း ဖော်ပြနေပါတယ်။


Man checks blood pressure at home under THE WAY TO REDUCE BLOOD PRESSURE infographic with DASH diet, exercise, stress tips.
Inforgraphic with DASH diet , exercise and stress management tips

Medicine 2.0 မှ Medicine 3.0 သို့ - သွေးတိုးရောဂါကို အမြင်သစ်ဖြင့် ရှုမြင်ခြင်း


Peter Attia, MD က ဆရာဝန်ဘဝ၏ ဆင့်ကဲဖြစ်စဉ်ကို အဆင့်သုံးဆင့်ဖြင့် ဖော်ပြထားပါတယ်။ Medicine 1.0 မှာ သိပ္ပံနည်းကျ မပေါ်သေးမီ လေ့လာတွေ့ရှိချက်များ ဖြစ်သည်။ လက်ရှိကျွန်ုပ်တို့ ကျင့်သုံးနေသော Medicine 2.0 မှာ အထောက်အထားအခြေပြု ကုသရေးခေတ်ဖြစ်ပြီး— ပဋိဇီဝဆေးများ၊ ခွဲစိတ်ကုသမှုများ၊ ကျပန်းထိန်းချုပ်စမ်းသပ်မှုများ (RCTs) နှင့် ရောဂါဖြစ်ပွားပြီးနောက် သေဆုံးမှုကို နောက်ဆုတ်ပေးနိုင်သည့် ဆေးဝါးကုထုံးများ ပါဝင်သည်။


Medicine 3.0 ကမူ လုံးဝကွာခြားပါတယ်။ ၎င်းသည် ကြိုတင်ကာကွယ်သော၊ အချက်အလက်အပေါ် အခြေခံကာ တစ်ဦးချင်းစီနှင့် ကိုက်ညီအောင် ပြုလုပ်ထားသော စနစ် ဖြစ်ပါတယ်။ ၎င်းသည် မျိုးရိုးဗီဇ၊ အဆင့်မြင့် ဇီဝအမှတ်အသားများ (biomarkers) နှင့် စဉ်ဆက်မပြတ် စောင့်ကြည့်ခြင်းတို့ကို အသုံးပြု၍ ရောဂါလက္ခဏာများ မပေါ်လာမီ ဆယ်စုနှစ်များစွာ စောစီးစွာ သိရှိနိုင်ရန် သို့မဟုတ် နာတာရှည်ရောဂါများ မဖြစ်ပွားအောင် ကြိုတင်တားဆီးရန် ရည်ရွယ်ပါတယ်။


  • အဓိကမူဝါဒမှာ သက်တမ်း (Lifespan) သက်သက်မဟုတ်ဘဲ ကျန်းမာစွာ အသက်ရှင်ချိန် (Healthspan) ဖြစ်သည်Medicine 2.0 သည် ကျွန်ုပ်တို့ မည်မျှကြာအောင် အသက်ရှင်သည်ကို အောင်မြင်စွာ တိုးမြှင့်ပေးနိုင်ခဲ့သော်လည်း ရောဂါများနှင့် မသန်စွမ်းမှုများဖြင့် နောက်ဆုံးဆယ်စုနှစ်တစ်ခုကို ရှင်သန်ရသလို ဖြစ်နေတတ်ပါတယ်။


  • Medicine 3.0 ကမူ ရုပ်ပိုင်းဆိုင်ရာနှင့် ဦးနှောက်ပိုင်းဆိုင်ရာ ယိုယွင်းကျဆင်းမှုကို အသက်တာ၏ နောက်ဆုံးကာလတွင် အတိုတောင်းဆုံးအချိန်အတွင်းသာ ဖြစ်ပွားစေရန် ရည်ရွယ်ပါသည်။


  • Attia ၏ အဆိုအရ ကျွန်ုပ်တို့၏ နောက်ဆုံးဆယ်စုနှစ် ("marginal decade") ၏ အရည်အသွေးသည် အသက် ၄၀၊ ၅၀ နှင့် ၆၀ အရွယ်များတွင် ပြုလုပ်သော ဆုံးဖြတ်ချက်များအပေါ် အဓိကမူတည်နေတာဖြစ်ပါတယ်။ အသက် ၆၀ တွင် ဖြစ်ပွားသော နှလုံးရောဂါဖောက်ခြင်းသည် အသက် ၄၀ အရွယ်ကတည်းက တိုင်းတာနိုင်သည့် ဇီဝဖြစ်စဉ်နှင့် ရောင်ရမ်းမှုဖြစ်စဉ်များမှ စတင်လာခြင်း ဖြစ်ပါတယ်။


ဤနေရာတွင် သွေးပေါင်ချိန်သည် အသက်ရှည်ရေးကျန်းမာခြင်း အတွက် အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍတခုမှာ ပါဝင်နေပါတယ်။ Attia မှ မှတ်ချက်ပြုထားသည့်အတိုင်း သွေးပေါင်ချိန် စီမံခန့်ခွဲမှုသည် "အိုမင်းမှုကို ဆန့်ကျင်သည့်ဆေးများ" သို့မဟုတ် "ဒီအန်အေ အခြေခံ အစားအသောက်များ" ကဲ့သို့ ဆွဲဆောင်မှု မရှိလှသော်လည်း ကျန်းမာရေးနှင့် သက်တမ်းအပေါ် ကြီးမားသော သက်ရောက်မှုရှိနေပါတယ်။ ၎င်းသည် မရှိမဖြစ် ပထမတန်းစား ကျန်းမာရေးစောင့်ရှောက်မှု ဖြစ်သော်လည်း Medicine 3.0 မူဘောင်တွင်မူ ၎င်းသည် နာတာရှည်ရောဂါကြီးလေးခု ("Four Horsemen") အထူးသဖြင့် သွေးကြောနံရံများတွင် အဆီစုပုံသည့် နှလုံးသွေးကြောဆိုင်ရာရောဂါ (ASCVD) နှင့် ဦးနှောက်ယိုယွင်းပျက်စီးမှုတို့၏ အဓိက တရားခံဘဲ ဖြစ်ပါတယ်။



SPRINT တော်လှန်ရေး - အဘယ်ကြောင့် သွေးပေါင်ချိန်ကို တင်းတင်းကျပ်ကျပ် ထားရှိခြင်းက အသက်နှင့် ဦးနှောက်ကို ကယ်တင်နိုင်သနည်း


Systolic Blood Pressure Intervention Trial (SPRINT) ကို ၂၀၁၅ ခုနှစ်တွင် ထုတ်ဝေခဲ့စဉ်က ယခင်က သွေးတိုးရောဂါကိုကုသနည်း လမ်းညွှန်ချက်များကို အဆင့်မြှင့်တင်ရုံသာမက လုံးဝပြောင်းလဲပစ်ခဲ့တာ ဖြစ်ပါတယ်။ ဤစမ်းသပ်မှုတွင် အသက် ၅၀ နှင့်အထက် လူနာ ၉,၀၀၀ ကျော်ကို အပေါ်သွေး (Systolic Blood Pressure - SBP) ကို ၁၂၀ mmHg အောက်တွင် ထိန်းချုပ်မည့်အုပ်စု သို့မဟုတ် ၁၄၀ mmHg အောက်တွင် ထိန်းချုပ်မည့်အုပ်စုဟူ၍ ကျပန်းခွဲခြားခဲ့ပြီး စမ်းသပ်မှုများ ပြုလုပ်ခဲ့ကျတာ ဖြစ်ပါတယ်။အကျိုးကျေးဇူးများ အလွန်ကြီးမားသောကြောင့် စောစောစီးစီး ရပ်တန့်ခဲ့ရသည်။


  • အဓိက နှလုံးသွေးကြောဆိုင်ရာ ဖြစ်ရပ်များ ၂၅% လျော့ကျခြင်း၊ နှလုံးသွေးကြောဆိုင်ရာ သေဆုံးမှု ၄၃% လျော့ကျခြင်းနှင့် သေဆုံးမှုအားလုံး ၂၇% လျော့ကျခြင်းတို့ကို အပေါ်သွေး(Systolic Blood Pressure-SBP) ကို ၁၂၀ mmHg အောက်တွင်သာ ထားရှိသော အုပ်စုတွင် ထင်ရှားစွာ တွေ့ရှိခဲ့ရပါတယ်။ အသက် ၇၅ နှစ်နှင့်အထက် လူနာများတွင်ပင် အဆိုပါ အကျိုးကျေးဇူးများ ထင်ရှာသိသာစွာ တွေ့မြင်ခဲ့ရပါတယ်။


  • Medicine 3.0 ရှုထောင့်မှကြည့်လျှင် SPRINT သည် ကိန်းဂဏန်းတစ်ခုသက်သက် မဟုတ်ပါ။ အကောင်းဆုံးအခြေအနေထက် မြင့်နေသည့်(သွေးပေါင်ချိန် ၁၂၀ mmHg ထက်များသော) မာကျူရီ မီလီမီတာတိုင်းသည် သွေးကြောများ အိုမင်းရင့်ရော်မှုကို အရှိန်မြှင့်တင်နေခြင်းဖြစ်ကြောင်း SPRINT trial က ဖော်ပြနေတာဖြစ်ပါတယ်။ ကျပန်းစမ်းသပ်မှု( Randomized Control Trials) ၅၁ ခုပါဝင်သည့် ၂၀၂၆ ခုနှစ်၏ တစ်ဦးချင်း အချက်အလက် (Meta-analysis) က သွေးပေါင်ကျဆေး ကုသမှု၏ နှလုံးသွေးကြောဆိုင်ရာ အကျိုးကျေးဇူးများသည် စတင်ပြီး မကြာမီမှာပင် စတင်ပေါ်ပေါက်လာပြီး ဆေးသောက်ချိန် ကြာမြင့်လာသည်နှင့်အမျှ တိုးမြှင့်ရရှိလာကြောင်း အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ သွေးပေါင်ချိန်ကို ၁၂၀/၇၅ mmHg အောက်ထိန်းတားသည့် တစ်နှစ်ချင်းစီသည် ဇီဝဗေဒဆိုင်ရာ အသက်အရွယ် လျော့ကျသွားသည့် တစ်နှစ်ပင် ဖြစ်သည်။


    SPRINT Trial အကြောင်းလေ့လာရန် (https://www.nhlbi.nih.gov/science/systolic-blood-pressure-intervention-trial-sprint-study)


ဦးနှောက်က တန်ဖိုးပေးရခြင်း


SPRINT MIND လေ့လာမှုအရ သွေးပေါင်ချိန်ကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ခြင်းက  မှတ်ဉာဏ်နှင့် စဉ်းစားတွေးခေါ်မှု အားနည်းခြင်း(mild cognitive impairment) ဖြစ်ပွားနိုင်ခြေကို ၂၀% ခန့် လျှော့ချပေးနိုင်ကြောင်း တွေ့ရှိခဲ့ရပါတယ်။ MRI scan လေ့လာမှုများကလည်း သွေးပေါင်ချိန်ကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ခြင်းသည် ဦးနှောက် သွေးကြောဆိုင်ရာ ရောဂါများ ဖြစ်ပွားမှုနှုန်းကို သိသိသာသာ နှေးကွေးစေကြောင်းကို ဖော်ပြနေပါတယ်။ Medicine 3.0 အရ သွေးပေါင်ချိန်ကို စီမံခန့်ခွဲခြင်းသည် နှလုံးကို ကာကွယ်ရုံသာမက ဦးနှောက်ကိုပါ ကာကွယ်ခြင်း (neuroprotection) ဖြစ်ကြောင်း လေ့လာမှုတွေ့က ဆိုပါတယ်။ ၎င်းသည် ကျွန်ုပ်တို့၏ လူနာများ အသက် ၉၀ တွင် ခရီးဆောင်အိတ်ကို မနိုင်ခြင်း၊ ငွေစာရင်းရှင်းနိုင်ခြင်း သို့မဟုတ် မြေးများကို မှတ်မိနိုင်ခြင်း ရှိမရှိ ဆုံးဖြတ်ပေးသည့် ဦးနှောက်စွမ်းရည်ကို ထိန်းသိမ်းပေးခြင်းပင် ဖြစ်သည်။


မဏ္ဍိုင် ၁ - လေ့ကျင့်ခန်း


နှလုံးနှင့် အဆုတ် ကြံ့ခိုင်မှု (Cardiorespiratory Fitness - CRF) ၏ အရေးပါမှု

လေ့ကျင့်ခန်းသည်သာ ဆေးတစ်ခွက်ဖြစ်ကြောင်း သက်သေပြနေပါတယ်။ ပါဝင်သူ ၁၀၀,၀၀၀ ကျော်ကို အနှစ် ၃၀ ကြာ စောင့်ကြည့်ခဲ့သည့် လေ့လာမှုကြီးတစ်ခုအရ လက်ရှိ လမ်းညွှန်ချက်များနှင့်အညီ လေ့ကျင့်ခန်းလုပ်ကြသူများသည် သေဆုံးနိုင်ခြေ ၂၀-၂၁% ပိုနည်းပြီး အကြံပြုထားသည်ထက် ၂ ဆမှ ၄ ဆ ပိုလုပ်ကြသူများတွင် ၂၆-၃၁% အထိ ပိုမို လျော့ကျကြောင်း တွေ့ရှိရသည်။


  • နှလုံးနှင့် အဆုတ် ကြံ့ခိုင်မှု (CRF) သည် အသက်ရှည်ခြင်းကို ခန့်မှန်းနိုင်သည့် အခိုင်မာဆုံး အချက်များထဲမှ တစ်ခုဖြစ်သည်။ နှလုံးနှင့် အဆုတ် ကြံ့ခိုင်မှု (CRF)အဆိုးဆုံးနှင့် ဒုတိယအဆိုးဆုံး ကြံ့ခိုင်မှုအဆင့်တွင် သေဆုံးမှုနှုန်း အများဆုံး ကျဆင်းသည်ကို တွေ့ရသည်။ ကြံ့ခိုင်မှု မရှိသေးဘဲ တိုးတက်လာအောင် လုပ်ဆောင်ခဲ့ကြသော အမျိုးသားများတွင် သေဆုံးနိုင်ခြေ ၄၄% အထိ လျော့ကျသွားသည်။ Attia ၏ မူဘောင်တွင် VO₂ max နှင့် ကြွက်သားအရည်အသွေးတို့သည် ကျန်းမာစွာ အသက်ရှင်ချိန်အတွက် အသက်ရှင်မှု လက္ခဏာများ (vital signs) ဖြစ်ကြောင်း အလေးပေးဖော်ပြထားပါတယ်။


  • အေရိုးဗစ် လေ့ကျင့်ခန်း (Aerobic exercise) သည် အပေါ်သွေး (SBP) ကို ၃.၄ မှ ၁၀.၅ mmHg အထိ ကျဆင်းစေပြီး နှလုံးရောဂါ ဖြစ်ပွားမှုကို ၅%၊ လေဖြတ်ခြင်းကို ၈-၁၄% နှင့် သေဆုံးမှုကို ၄% လျော့ကျစေသည်။


Isometric လေ့ကျင့်ခန်း


ဗြိတိသျှ အားကစားဆေးပညာ ဂျာနယ်တွင် ထုတ်ဝေခဲ့သော SUCRA တိုင်းတာချက်ကို အသုံးပြုသည့် လေ့လာမှုတစ်ခုအရ Isometric လေ့ကျင့်ခန်းသည် အပေါ်သွေးကို လျှော့ချရာတွင် ၉၈.၃% အထိ အမှတ်အများဆုံး ရရှိခဲ့ပြီး အေရိုးဗစ် (၄၀.၅%) နှင့် HIIT (၃၉.၄%) တို့ထက် များစွာ သာလွန်ကြောင်း တွေ့ရှိခဲ့ရပါတယ်။ Isometric exercise အကြောင်းအသေးစိတ် လေ့လာရန် (https://pmc.ncbi.nlm.nih.gov/articles/PMC11239608/)


  • Isometric လေ့ကျင့်ခန်းသည် SBP ကို ပျမ်းမျှ ၈.၂၄ mmHg လျှော့ချပေးနိုင်ပြီး သွေးတိုးကျဆေးများ၏ ပုံမှန်ရည်မှန်းချက်ဖြစ်သော ၉.၄ mmHg နှင့် နီးစပ်သည်။

  • ကျပန်းထိန်းချုပ်စမ်းသပ်မှု ၄၀ ပါဝင်သည့် ၂၀၂၄ ခုနှစ် စနစ်တကျ ပြန်လည်သုံးသပ်ချက်အရ Isometric လေ့ကျင့်ခန်းသည် SBP ကို ၆.၆၂ mmHg နှင့် DBP ကို ၂.၆၃ mmHg အထိ သိသိသာသာ လျော့ကျစေကြောင်း အတည်ပြုခဲ့ပါသည်။


Man holds a wall squat in a bright room, overlaid with charts and text about Medicine 3.0, blood pressure, and longevity.
Wall Sit (Isometric Exercise)

နံရံကပ်ထိုင်ခြင်း (Wall Squat) - King of Isometric Exercise


Isometric လေ့ကျင့်ခန်းများအနက် နံရံကပ်ထိုင်ခြင်း (Wall squat) သည် အထိရောက်ဆုံး ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ Wall squat လေ့ကျင့်ခန်းသည် SBP ကို −၁၀.၂၉ mmHg နှင့် DBP ကို −၅.၂၆ mmHg အထိ လျော့ကျစေကြောင်း လေ့လာမှုက ဆိုပါသည်။


  • ဆေးမသောက်ရသေးသော သွေးတိုးလူနာ ၇၇ ဦးကို တိုက်ရိုက်နှိုင်းယှဉ်စမ်းသပ်ရာတွင် ၁၂ ပတ်ကြာ Wall squat လေ့ကျင့်ခန်း လုပ်ခြင်းဖြင့် SBP ကို −၁၂.၉ mmHg အထိ လျှော့ချနိုင်ခဲ့သည်။ အချိန်ရင်းနှီးရမှုမှာလည်း အလွန်နည်းပါးသည်— ၁၂ ပတ်အတွင်း စုစုပေါင်း ၄၂ မိနစ်သာ ကြာမြင့်သည်။


ဘယ်လိုလုပ်ဆောင်ရမည်နည်း (Protocol)


  • Wall Squat (နံရံကပ်ထိုင်ခြင်း): နံရံကိုမှီကာ ခြေထောက်ကို ပုခုံးအကျယ်ခန့်ထားပြီး ပေါင်သည် မြေပြင်နှင့် ညီညာသည်အထိ (သို့မဟုတ် မိမိတတ်နိုင်သည့် ထောင့်အထိ) ဆင်းပါ။ ၂ မိနစ်ကြာ ထိန်းထားပါ။

  • အနားယူခြင်း: ၂ မိနစ် ထိုင်ကာ အနားယူပါ။

  • အကြိမ်ရေ: စုစုပေါင်း ၄ ကြိမ် လုပ်ပါ။

  • အကြိမ်အရေအတွက်: တစ်ပတ်လျှင် ၃ ကြိမ်၊ အနည်းဆုံး ၈-၁၂ ပတ်ကြာ လုပ်ဆောင်ပါ။


နံရံမှီ ထိုင်ထ လေ့ကျင့်ခန်း မလုပ်နိုင်သော လူနာများအတွက် အစားထိုး နည်းလမ်းများ -


  • Isometric handgrip (လက်ဆုပ်လေ့ကျင့်ခန်း): Dynamometer သို့မဟုတ် လိပ်ထားသော တဘက်ကို မိမိစွမ်းအား၏ ၃၀-၅၀% ဖြင့် ၂ မိနစ်ကြာ ညှစ်ထားပါ၊ လက်တစ်ဖက်လျှင် ၄ ကြိမ်၊ တစ်ပတ်လျှင် ၃ ကြိမ်။


  • Planks (ဒူးမထောက် ဒိုက်ထိုးဟန်ပြုလုပ်ခြင်း): ၂၀၂၅ ခုနှစ် လေ့လာမှုတစ်ခုအရ ၂ မိနစ် ကြာ Plank ၄ ကြိမ် ပြုလုပ်ခြင်းသည် သွေးဖိအားကို နောက်ထပ် ၂၄ နာရီလုံးလုံး လျော့ကျစေကြောင်း တွေ့ရှိရပါတယ်။


အဘယ်ကြောင့် ထိရောက်သနည်း


Isometric လေ့ကျင့်ခန်းသည် သွေးဖိအားကို နည်းလမ်းအများအပြားဖြင့် လျှော့ချပေးခြင်းကြောင့်ဖြစ်သည် -


  1. Post-exercise hypotension (လေ့ကျင့်ခန်းလုပ်ပြီးနောက် သွေးဖိအားကျဆင်းခြင်း): ငြိမ်နေသော သွေးကြောဆိုင်ရာ ရုန်းအား လေ့ကျင့်ခန်းလုပ်ပြီးနောက် သွေးကြောများသည် ပိုမိုထိရောက်စွာ ကျယ်လာပြီး သွေးဖိအား ရေရှည် ကျဆင်းမှုကို ဖြစ်စေသည်။


  2. Improved endothelial function (သွေးကြောအတွင်းလွှာ လုပ်ဆောင်ချက် တိုးတက်လာခြင်း): နိုက်ထရစ်အောက်ဆိုဒ် (nitric oxide) ထွက်ရှိမှုကို တိုးမြှင့်ပေးပြီး သွေးကြောများ၏ တုံ့ပြန်နိုင်စွမ်းကို ကောင်းမွန်စေသည်။


  3. Reduced sympathetic nervous system activity (Sympathetic အာရုံကြောစနစ် လှုပ်ရှားမှု လျော့ကျခြင်း): အနားယူချိန် နှလုံးခုန်နှုန်းနှင့် သွေးကြောဆိုင်ရာ ခံနိုင်ရည်ကို လျှော့ချပေးသည်။


  4. Baroreflex modulation (Baroreflex အာရုံကြော ထိန်းညှိမှု): Wall squats သည် ကြွက်သားစုကြီးများကို အသုံးပြုရသဖြင့် Venous return resistance နှင့် အလယ်ဗဟို သွေးပြန်ကြော ဖိအားကို တိုးစေကာ baroreflex အာရုံကြောစနစ်ကို နှိုးဆော်ပြီး sympathetic စနစ် ထွက်ရှိမှုကို လျှော့ချပေးသည်။


    Isometric Exercise ကို ဘယ်လို လုပ်ရမလဲဆိုတာကို လေ့လာကြည့်ရှုရန် (https://youtu.be/M72dc1Tt-ZI?si=gSBlD2e9iSDKPL2k)


Medicine 3.0 အသုံးအနှုန်းအရ Isometric လေ့ကျင့်ခန်းသည် သာမန် "လူနေမှုဘဝ အကြံပြုချက်" မျှသာ မဟုတ်ပါ။ ၎င်းသည် သွေးကြောအတွင်းလွှာ လုပ်ဆောင်ချက်နှင့် အလိုအလျောက် အာရုံကြောစနစ် ထိန်းချုပ်မှုကို တိုးတက်စေသည့် သီးသန့်၊ ပမာဏအပေါ် မူတည်ပြီး လုပ်ဆောင်ချက်ဆိုင်ရာ အုတ်မြစ်ရှိသည့် ကုသမှုတစ်ခု ဖြစ်သည်။ ၎င်းသည် လက္ခဏာများကိုသာမက သွေးကြော အိုမင်းရင့်ရော်မှု၏ အဓိက အရင်းအမြစ် (root causes) များကိုပါ ဖြေရှင်းပေးပါတယ်။


မဏ္ဍိုင် ၂ - Diet (DASH နှင့် အခြားအရာများ)


DASH အစားအသောက်ပုံစံကို စားသောက်ခြင်းသည် သွေးဖိအား လျှော့ချရေးအတွက် စံပြ အာဟာရဆိုင်ရာ နည်းလမ်းအဖြစ် တည်ရှိနေဆဲဖြစ်ပါတယ်။ အပေါ်သွေး SBP (၁.၂၉–၄.၆ mmHg) နှင့် အောက်သွေး DBP (၀.၇၆–၁.၁ mmHg) တို့ကို သိသိသာသာ လျှော့ချပေးကာ Lipid Profile နှင့် အင်ဆူလင် တုံ့ပြန်နိုင်စွမ်းတို့ကို ကောင်းမွန်စေတာကို တွေ့ ရှိရပါတယ်။ DASH diet အကြောင်း ကို အသေးစိတ်လေ့လာရန် လင့် (https://www.nhlbi.nih.gov/health/dash-eating-plan)


DASH diet infographic on a kitchen table with salmon, salad, fruit, yogurt, milk, and olive oil, promoting low-sodium healthy eating
DASH Diet

Medicine 3.0 အမြင်အရ DASH diet ၏ အစွမ်းထက်သောအချက်မှာ - ၎င်းအစားအသောက်တွင် Natriuretic နှင့် Diuretic (ဆားနှင့် ရေကို စွန့်ထုတ်ပေးသည့်) အာနိသင်များ ပါရှိပါတယ်။ သဘာဝ ACE ပိတ်ဆို့သည့် လုပ်ဆောင်ချက်ကို တိုးစေပြီး ၎င်းတွင် ပါဝင်သော ပိုတက်ဆီယမ်နှင့် ကယ်လ်ဆီယမ် ပမာဏမြင့်မားမှုမှတစ်ဆင့် Renin-angiotensin-aldosterone စနစ်နှင့် အသက်ဝင်လာကာ ၎င်းသည် သွေးဖိအားကို လျှော့ချပေးရုံမျှမကဘဲ သွေးကြောဆိုင်ရာ ချို့ယွင်းမှု၏ ဇီဝရုပ်ဖြစ်ပျက်မှုနှင့် ဟော်မုန်းဆိုင်ရာ ပြဿနာများကို ကောင်းမွန်စေပါတယ်။


သုတေသနများအရ DASH သည် နှလုံးနှင့် ဇီဝရုပ်ဖြစ်ပျက်မှုဆိုင်ရာ ရောဂါဖြစ်နိုင်ခြေကို လျှော့ချရာတွင် Mediterranean အစားအသောက်နှင့် ယှဉ်ပြိုင်နိုင်သော်လည်း DASH သည် ဆိုဒီယမ် ပါဝင်မှုနှင့် အစားအသောက် ပမာဏများအတွက် စနစ်တကျ လမ်းညွှန်ချက်များပေးထားသဖြင့် လိုက်နာရန် ပိုမိုလွယ်ကူပါတယ်။ DASH အစားအသောက်ကို လိုက်နာခြင်းသည် အူမကြီးကင်ဆာ၊ အူလမ်းကြောင်းဆိုင်ရာရောဂါနှင့် အကြောင်းအမျိုးမျိုးကြောင့် သေဆုံးမှုများကို လျော့နည်းစေကြောင်း တွေ့ရှိရပါတယ်။


DASH-Sodium စမ်းသပ်မှုအရ DASH အစားအသောက်အပြင် ဆိုဒီယမ်ကို တစ်နေ့လျှင် ၁,၅၀၀ မီလီဂရမ်အထိ လျှော့ချခြင်းသည် သွေးဖိအားကို ထပ်လောင်း လျှော့ချပေးနိုင်ကြောင်း ပြသခဲ့ပါတယ်။ ဆေးမတိုးသော သွေးတိုးရောဂါ (resistant hypertension) ရှိသည့် လူနာများအတွက် သွေးပေါင်ချိန်ကို လျော့ကျပေးနိုင်ကြောင်း တွေ့ ရှိရပါတယ်။


မဏ္ဍိုင် ၃ - ဆေးဝါးများ (အသက်ရှည်ကျန်းမာရေးအတွက် သက်သေပြထားသော ကုထုံးများ)


Medicine 3.0 တွင် ဆေးဝါးကုသမှုသည် လူနေမှုပုံစံ ပြုပြင်ခြင်း မအောင်မြင်၍ မဟုတ်ဘဲ အစားအသောက်နှင့် လေ့ကျင့်ခန်းလုပ်သော်လည်း အန္တရာယ်ရှိနေဆဲဖြစ်ပါက အသုံးပြုရမည့် တိကျသေချာသော လက်နက်တစ်ခု ဖြစ်ပါတယ်။


Anti hypertensive medicine
Anti hypertensive medicine

အထူးသတိပြုချက်- သွေးကျဆေးများကို ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သောက်သုံးသင့်ပါသည်။


  • ပထမတန်းစား ဆေးဝါးများ: Thiazide-type diuretics (ဥပမာ- indapamide), Calcium Channel Blockers (CCBs - ဥပမာ amlodipine), ACE inhibitors နှင့် ARBs (ဥပမာ telmisartan, losartan) တို့ဖြစ်ပါသည်။


  • အသစ်ပေါ်ထွက်လာသော ကုထုံးများ:


    • Zilebesiran: ၃-၆ လတစ်ကြိမ် ထိုးနှံရသည့် RNA interference ဆေးဖြစ်ပြီး အပေါ်သွေး(SBP) ကို ၁၅ mmHg ကျော် လျှော့ချပေးနိုင်သည်။


    • Baxdrostat (Baxfendy):  Baxdrostat သည် ပထမဆုံးဖြစ်သော Aldosterone Synthase Inhibitor (အယ်လ်ဒိုစတီရုန်း ထုတ်လုပ်မှု တားဆီးဆေး) ဖြစ်ပြီး ၂၀၂၆ ခုနှစ် မေလတွင် FDA ၏ အတည်ပြုချက်ရရှိထားသော ဆရာဝန်ညွှန်ကြားချက်ဖြင့် သောက်သုံးရသည့် သောက်ဆေးဖြစ်ပါသည်။


    • SGLT2 Inhibitors: နှလုံးနှင့် ကျောက်ကပ်ကို ကာကွယ်ပေးပြီး သွေးပေါင်ကိုပါ ကျစေပါသည်။


အိမ်တွင် သွေးပေါင်မှန်ကန်စွာ တိုင်းတာခြင်း


Medicine 3.0 တွင် တိကျသော သွေးပေါင်ချိန် တိုင်းတာမှုသည် မရှိမဖြစ် လိုအပ်ပါတယ်။ ဆေးခန်းပြသည့်အခါ တစ်ကြိမ်တည်း တိုင်းတာခြင်းထက် အိမ်တွင် တစ်နေ့လျှင် နှစ်ကြိမ်နှုန်းဖြင့် နှစ်ပတ်ဆက်တိုက် တိုင်းတာကာ အခြေခံအချက်အလက် အစစ်အမှန်ကို ရယူသင့်ပါတယ်။


Takeaway Message


သင့်သွေးပေါင်ချိန်သည် သာမန် ကိန်းဂဏန်းတစ်ခု မဟုတ်ဘဲ နောင်နှစ်ပေါင်းများစွာအထိ နှလုံးနှင့် ဦးနှောက် ကျန်းမာစွာဖြင့် လွတ်လပ်စွာ နေထိုင်နိုင်ရေး (Healthspan) အတွက် အရေးအကြီးဆုံး သော့ချက်ဖြစ်ပါတယ်။ ဆေးတစ်ပြားစာ အာနိသင်ရှိသည့် နံရံမှီ ထိုင်လေ့ကျင့်ခန်း (Wall Squats) ကို တစ်ပတ်လျှင် မိနစ် ၂၀ ခန့် (၄ × ၂ မိနစ်၊ တစ်ပတ် ၃ ကြိမ်) ပြုလုပ်ခြင်း၊ DASH အာဟာရနည်းလမ်းကို ကျင့်သုံးခြင်းနှင့် စနစ်တကျ ကုသမှု ခံယူခြင်းတို့ဖြင့် သွေးကြော အိုမင်းရင့်ရော်မှုကို အစွမ်းထက်ဆုံး တားဆီးနိုင်ပါတယ်။


ရောဂါဖြစ်မှ လိုက်လံကုသသည့် ခေတ်ဟောင်းအမြင်ကို စွန့်လွှတ်ပြီး သင့်ဘဝ၏ နောက်ဆုံးဆယ်စုနှစ်များအထိ လန်းဆန်းတက်ကြွစွာ ဖြတ်သန်းနိုင်ရေးအတွက် ယနေ့မှစ၍ သွေးဖိအားကို အလေးထား စောင့်ကြည့် ပြုပြင်လိုက်ပါ။

Comments


bottom of page